ဝိတ်ကျချင်ရင် အိပ်သာအိပ်ပါ
ဝိတ်ကျအောင် အိပ်ပေးရတယ်တဲ့။ စိတ်ဝင်စားစရာပါလား။ ဝိတ်ချတာနဲ့ အိပ်တာနဲ့ ဘာဆိုင်သလဲလို့ တချို့က ထင်ကောင်းထင်ကြပါလိမ့်မယ်။ အိပ်ရင် ဝတယ်ဆိုပြီး ရှေးယခင်က လူကြီးတချို့က လက်ဆင့်ကမ်းပြောခဲ့ကြတာကို ကြားဖူးသူတွေကလည်း ဟုတ်မှဟုတ်ရဲ့လားလို့ ဒွိဟဖြစ်ပြီး မအိပ်ရဲဘဲ ဖြစ်နေကြပါလိမ့်မယ်။
လွန်ခဲ့သော ဆယ်စုနှစ်တွေဆီက အမေရိကန်နိုင်ငံသားတွေရဲ့ အိပ်ချိန်ဟာ တဖြည်းဖြည်းလျော့နည်းလာခဲ့ပါတယ်။ အဲဒီနှစ်တွေမှာပဲ အရပ်နဲ့ ကိုယ်အလေးချိန် မျှခြေကိုကြည့်ပြီး ပိန်သလား၊ ပုံမှန်လား၊ အဝလွန်သလား ဆုံးဖြတ်တဲ့ Body Mass Index (BMI) တက်ပြီး အဝလွန်နေတဲ့သူတွေရဲ့ နှုန်းဟာ သိသိသာသာ များလာပါတယ်။ အဲဒီအတွက် သုတေသနတွေ လုပ်ရာက
ဝိတ်ချတာနဲ့ အိပ်ရေးဝတာက ဆက်စပ်နေတယ် ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
ညဘက်အိပ်မပျော်ရင် ဗိုက်ပိုဆာတတ်လား?
ညဥ့်နက်တဲ့ထိ အိပ်မပျော်တဲ့သူတွေဟာ အစားပိုစားဖြစ်တတ်ပါတယ်။ ဗိုက်ဆာလာလို့ အစာစားဖြစ်တယ်လို့ ယေဘုယျ ပြောလို့ရပေမယ့် အစာစားချင်စိတ်ကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းတွေ ရှိပါတယ်။ Ghrelin က ဆာလောင်ခြင်းကို ဖြစ်စေပြီး Leptin ကတော့ ဗိုက်ပြည့်တဲ့ ခံစားချက်ကို ရစေပါတယ်။
ဟော်မုန်းတွေဟာ တစ်နေ့တာမှာ သူ့အချိန်နဲ့သူ အတက်အကျ ရှိပါတယ်။ ညဘက် အိပ်ချိန်နည်းတဲ့အခါ ဟော်မုန်းတွေက မူမမှန်တော့ဘဲ Ghrelin တွေ ပိုများလာပြီး Leptin တွေ နည်းလာတတ်ပါတယ်။ ဒါကြောင့် ညဘက်အိပ်မပျော်တဲ့သူတွေဟာ ဗိုက်ပိုဆာတတ်ပြီး ဗိုက်ပြည့်တဲ့ ခံစားချက်နည်းသွားလို့ ပိုစားမိတတ်ကြပါတယ်။
ဒါ့အပြင် ညဘက် ဗိုက်ဆာတဲ့အခါ ကယ်လိုရီများတဲ့ အစားအစာတွေကို ပိုပြီး ရွေးချယ်မိတတ်ကြတာကလည်း (ခေါက်ဆွဲပြုတ်၊ အာလူးကြော်၊ အချိုရည် စသည်) ဝိတ်တက်စေတဲ့ အကြောင်းတစ်ခုပါ။
အိပ်မပျော်ခြင်းနဲ့ ဇီဝကမ္မလုပ်ငန်းများ…
ဇီဝကမ္မလုပ်ငန်းတွေဟာလည်း တစ်နေ့တာမှာ သူ့အချိန်နဲ့သူ လည်ပတ်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ထုတ်လုပ်ပေးနေတာပါ။ အိပ်ချိန်မမှန်တဲ့အခါ ဇီဝက္မလုပ်ငန်းတွေလည်း ကမောက်ကမ ဖြစ်သွားပြီး Oxidative Stress ဖြစ်လာတာ၊ သွေးထဲမှာ ဂလူးကိုစ့်တွေ များလာတာ၊ ခန္ဓာကိုယ်ဆဲလ်တွေက အင်ဆူလင်ကို မတုန့်ပြန်တော့တာတွေ ဖြစ်ပြီး ဆီးချိုရောဂါ ဖြစ်နိုင်သလို အဝလွန်နိုင်ခြေလည်းရှိလာပါတယ်။
ညဘက်အိပ်မပျော်တဲ့အခါ မနက်ဘက် လန်းလန်းဆန်းဆန်း မဖြစ်ဘဲ လေးလံထိုင်းမှိုင်းပြီး မလှုပ်မရှားချင် ဖြစ်နေတာကလည်း ဝိတ်တက်ခြင်းရဲ့ အကြောင်းရင်းတစ်ခု ဖြစ်သလို အိပ်ရာထနောက်ကျလို့ မနက်စာ မစားဖြစ်တဲ့အခါ တစ်နေ့လုံး တစွတ်စွတ် စားဖြစ်တာကလည်း ဝိတ်တက်စေပါတယ်။ အိပ်ရေးပျက်လို့ လေးလံထိုင်းမှိုင်းနေတဲ့သူတွေဟာ အစာစားဖို့ ရွေးချယ်တဲ့အခါ သကြားနဲ့ အချိုတွေ၊ ဆီကြော်တွေကို ပိုမိုရွေးချယ်ဖြစ်တတ်ကြတယ်လို့ သုတေသနတွေက ဆိုပါတယ်။ ဒါကလည်း ဝိတ်တက်စေတဲ့ အကြောင်းရင်း တစ်ခုပါပဲ။
ဒါ့ကြောင့် ပိန်ချင်တဲ့ သူတွေ၊ ဝမှာကြောက်တဲ့သူတွေဟာ အိပ်ချိန်မှန်သင့်သလို စောစောအိပ်ပြီး စောစောထတဲ့ အလေ့အကျင့်ကို ပြုလုပ်သင့်ပါတယ်။
ညဘက်အိပ်မပျော်တာမျိုး မဖြစ်ဖို့ဆိုရင်…
- နေ့စဥ် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။
- တရားထိုင်ပါ။
- နေ့ခင်းဘက် အကြာကြီး အိပ်တာမျိုး ရှောင်ပါ။
- ညနေဘက် ဗိုက်တင်းအောင် အများကြီးစားတာမျိုး ရှောင်ပါ။ လက်ဖက်၊ ကော်ဖီ၊ အရက်တွေ သောက်ခြင်းမှ ရှောင်ပါ။
- မအိပ်ခင် ရေနွေးနဲ့ ရေချိုးတာ၊ နွးနို့ပူပူ၊ အိုဗာတင်း ပူပူလေး သောက်တာမျိုး လုပ်ပါ။
- အိပ်ခန်းကို အိပ်ဖို့အတွက် သီးသန့်အသုံးပြုပါ (အိပ်ယာထဲမှာ အလုပ်လုပ်တာ၊ ဖုံးသုံးတာ ရှောင်ပါ)။
- ဘယ်လိုမှ အိပ်မပျော်ဘူး ဖြစ်နေရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
အိပ်စက်ခြင်းဟာ ဇီဝကမ္မလုပ်ငန်းတွေအတွက်အရေးကြီးသလို ဝိတ်ချရာမှာလည်း အရေးကြီးတယ်ဆိုတာ သိသွားကြပြီဆိုရင် အခုကစပြီး စောစောအိပ်ခြင်းဖြင့် သွယ်လျလှပတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ဖို့ ကြိုးစားလိုက်ကြရအောင်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်